love of caring

 “အခြေအနေတွေ ပိုဆိုးလာလေလေ

နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ
ငါ မင်းကို ပိုချစ်လာလေလေပဲ”
-မောင်ဒေး -
ရေးသူက သူ့စိတ်ကူးနဲ့ သူခံစားရသလို ရေးထားတာမျိုးဖြစ်သလို ဖတ်သူကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်ဖတ်မှာပဲ။ ဒီစာကိုဖတ်ပြီး ဒီလိုအနက်ယူရမယ်လို့ သူ့ရဲ့ စိတ်ကူးအတွက် ဘယ်စာရေးသူကမှ စာဖတ်သူတွေအပေါ် ဆန္ဒရှိလိုမှာမဟုတ်ဘူးလို့ ထင်မိတယ်။ ဆိုတော့ အင်္ဂလိပ်စာလုံးမှာတော့ မင်း သို့မဟုတ် သင် လို့ အနက်ရတဲ့ ပုဂ္ဂလနာမ်စားထဲက အပြောခံနာမ်စားဖြစ်တဲ့ You ဆိုတာ တချို့နေရာတွေမှာ အပြောခံနာမ်စားနေရာကပဲနေရမယ်လို့ဆိုပြီး ကန့်သန့်ထားတဲ့ စကားလုံးတစ်လုံးမဟုတ်ဘူးလို့ ဆရာတစ်ယောက်ကပြောပြဖူးတယ်။ ဥပမာ- Danger Area! You are not allowed to pass!. ဆိုတဲ့ သတိပေးစာမျိုးမှာ “အန္တရယ်ရှိလို့ဖြတ်သန်းသွားလာခွင့် သင့်ကို ခွင့်မပြု” ဆိုတဲ့နေရာမှာ You က ပြောသူနာမ်စား I ဆိုတဲ့ ကျွန်ုပ်ကိုပါ ခွင့်မပြုထားသလိုပဲ။ အခြေအနေတွေ ပိုဆိုလာလေလေ မင်းကို ပိုချစ်လာလေလေဆိုတဲ့ နေရာက မင်း ဆိုတာ ချစ်တဲ့သူအားလုံးကို သိမ်းကြုံးဆိုချင်တာပါပဲလို့ ကျွန်တော်ကတော့ ဆွဲယူလိုတယ်။ ဘယ်သူမဆို ဒီအခက်အခဲကြားထဲ ကိုယ် ချစ်ရတဲ့သူတေွကို အဆုံးအရှုံးမခံရဲခံစိတ် ပိုပိုဖြစ်နေကြရမှာပဲ။ ဒီအခက်အခဲကြားထဲက ပိုမိုလွတ်မြောက်စေလိုကြမှာပဲ။ ဒါကြောင့် ဘေးအမျိုးမျိုးဝန်းရံခံနေရတဲ့ အခြေအနေဆိုးကြားထဲ ချစ်တဲ့သူတွေကို နှစ်ဆပိုချစ်ပေးပါ။ ပိုဂရုစိုက်ပေးပါ။
တခါတရံ အမုန်းခံစိတ်မွေးလို့
“Mask တွေကိုသေချာတပ်နော်၊ လက်ကို ခဏခဏဆေးဖို့မမေ့နဲ၊
တတ်နိုင်သမျှ စိတ်ဖိစီးမှုလျှော့၊ စိတ်ကိုပျော်အောင်နေ၊ အပြုသဘောဆန်တဲ့ အတွေးနဲ့ အိပ်ရေးဝအောင် စောစော အိပ်ပါ ဆိုတာမျိုး၊ ကိုယ်လက်လှုပ်ရှားပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ ကြိုက်ကြိုက်မကြိုက် ကြိတ်မှိတ်စားနော်၊ ‌ရေသောက်ဖို့လည်း မမေ့နဲ့၊ ရေနွေးကိုလည်း ရှူနော်ဆိုတာမျိုး”
စသည်ဖြင့် စသည့်ဖြင့် ကရားရေလွှတ် တတွတ်တွတ် ပြောတန်ပြောလို့ ချစ်တဲ့သူတွေကို နှစ်ဆတိုးလို့ ပိုချစ်ပေး၊ ပိုဂရုစိုက်ပေးဖို့ လိုနေပါပြီလို့။
တီဇက်အို
၂၃ ဇူလိုင် ၂၀၂၁
________________
ချစ်လို့ရေးတဲ့စာ

Comments